အဖြူသက်သက်
မေမေ
တစ်ခါတစ်လေ ရိုးသားစွာနဲ့
ကျွန်တော့်ရင်ဘတ်တွေ ဖြန့်ခင်းကြည့်ချင်တယ်
ဘယ်သူတွေ ကိုယ်ချင်းစာစိတ်နဲ့
နင်းဖြတ်ကြမလဲလို့
ကျွန်တော်ဆိုတဲ့ကောင်က ကြယ်ကြွေရင်တောင်
ရင်သပ်မိတဲ့ သူလေ
ပျော့ညံ့တယ်ပြောပြော ဘယ်သူ့အတွက်မှ
မာယာ မများခဲ့ပါဘူး
လူကို လူလို့မမြင်တတ်သေးတဲ့ လောကအတွက်
အနာဂတ်ကိုတောင် မေ့နေပြီ အမေ ...
ပေးတိုင်း ပြန်မရမယ့်အတူ
မျှော်လင့်ခြင်းဆိုတာ မွေးကတည်းက
ခါးသီးစွာ သဂြိုလ်ပစ်ခဲ့တာ ကြာပြီ
အတ္တကို လျှော်ဖွပ်ပြီး မ၀တ်နိုင်ပေမယ့်
ကျောမွဲရင် မွဲပါစေ
ဒါပေမယ့် ရိုးသားခြင်းကိုပဲ
ထပ်ခါထပ်ခါ ဖာထေးနေဦးမယ် အမေ ...
လူရာမသွင်းကြရင် နေပါစေ
အပ်နဖားလို လူတွေအတွက်
ဟန်ဆောင်ပြီးလည်း ချည်မျှင်မတန်းချင်တော့ပါဘူး
ပိန်လိုက်၊ဖောင်းလိုက် လောကဓံအတွက်
မြေဇာပင်တွေ ဘယ်လောက် ရှင်သန်ရဦးမလဲ အမေ ...
မာသာထရီစာ ပန်းချီကားထဲက
သူ့ရဲ့မျက်လုံးတွေကို တစ်ရေးနိုးတိုင်း
ကျွန်တော် ထကြည့်နေတတ်ခဲ့ပြီ
လောကဓံ ဆိုတာ သတိရတိုင်း
မြေပေါ်ချပြီး နင်းပစ်ရမယ့် သတ္တ၀ါ ပါ အမေ ...
လောကကြီးက အခုထိ
ပြတင်းတံခါးတွေ မပွင့်သေးဘူး
အကျဉ်းစံနေတဲ့ အကြင်နာတရားတွေ
လေပြင်းတွေတော့ ကျနေတယ်
ပြုတ်ထွက်သွားတဲ့
ကျွန်တော့်ရဲ့ကျောရိုးဆစ်တွေ ဒိုင်ယာရီနဲ့အပြည့်ပါ အမေ ...
ပေါ်လီယာနာရဲ့ သွေးတစ်စက်လောက်
မစွန်းထင်းတဲ့အတွက် ယူကြုံးမရလိုက်တာဗျာ
မစွန်းထင်းတဲ့အတွက် ယူကြုံးမရလိုက်တာဗျာ
ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တာခြင်းအတူတူ
တစ်ချို့က အသွေးကို လိုတယ်
တစ်ချို့က အသားကို လိုတယ်
ကျွန်တော်က အဲ့ဒီ့ အရောင်တွေကြားထဲမှာ
ခေါင်းပေါက်လာတဲ့ လူ .....
ခေါင်းပေါက်လာတဲ့ လူ .....
မောင်ရဲမင်း