Wednesday, 22 May 2013

၁၀ ၊ ၁၁ ၊ ၁၂ အဖွဲ့ 




တောင်ကုန်းစိမ်းစိမ်းပေါ်က မျှော်ကြည့်နိုင်မှ မဟုတ်ဘူး
ချိုင့်ဝှမ်းလွင်ပြင်လေးကလည်း ဘဝပါပဲ
ကိုရဲရေ
အဆင်မပြေမှုတွေကို ရှုခင်းလေးတစ်ချပ်လို တွေးကြည့်
စိတ်ကို ဝန်ထုပ်ဝန်ပိုးကြီးနဲ့ ဖိမထားနဲ့ 
ကျွန်တ်ာတို့ ကစားနေတဲ့ အဝေးကွင်းက အလင်း နည်းနည်းမှုန်တယ်
ကိုယ့်ရိုးသားမှုလေးနဲ့ ကိုယ် ဝတ်မှုန်ကူးကြတာပေါ့
ပရဟိတနှလုံးသားနဲ့  အသက်လှလှရှုတတ်သူ
နှင်းခါးခြေရာထဲ အချစ်ကို ဝှက်ထားသူ
ညီမျှခြင်းတွေ ချထားတဲ့ မြို့မှာ
အမှန်တရားအတွက် ဘဝကို လောင်းကြေးထပ်ဝံ့သူ
ခု...လမ်း ၃၀ ပြည့်ခဲ့ပြီ
ပန်း ၃၀ ပွင့်ခဲ့ပြီ
မိုင်တိုင်အမှတ် ၃၀ ကနေ နောက်...ယုံကြည်ရာ ပန်းတိုင်ဆီ
၃၁ ဘုံက ကျွန်တော်တို့ ကို စောင့်ကြိုနေတယ်
အိပ်မက်တွေကို ရေလောင်းပေါင်းသင်ပါ
အနုပညာကို နေ့ တိုင်းသတိရပါ
ကဗျာကို  ခါးဝတ်ပုဆိုးလို မြဲပါ
Happy Birthday ပါ ကိုရဲ   ။              ။

(မောင်ရဲမင်း အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်)

                              
                 လင်းလက်တာရာ
                           
                   ၁၀၊၁၁၊၂၀၁၂

သားကြီး။ မင်းနဲ့ ။ ငါနဲ့ ။ ပြီးတော့ ငါတို့ စိုက်ပျိုးခဲ့တဲ့ အမျှော် နဲ့ ။



သားကြီး။
ကြားလား။
အခု ပြောမယ့်စကားတွေမှာ မုသားမပါဘူး။
ဘာအနက်မှ ဝှက်မထားသလို ဘာအရောင်မှလည်းဆိုးမထားဘူး။ အဖြူသက်သက်။
ငါ မင်းကိုခေါ်တဲ့ဖုန်းတစ်ကောလ်နဲ့  မင်းငါ့ကိုခေါ်တဲ့
ဖုန်းတစ်ကောလ် ။ အဲဒါ ငါတို့ နှစ်ယောက်ရဲ့ ဆက်ထုံးပဲ။
တွေ့ ခဲ့ကြတယ်။ မင်းနှစ်ဆယ့်ကိုး။ ငါ နှစ်ဆယ့်ရှစ်။ လူဖြစ်စ။
မှတ်မိလား။ငါရေးတဲ့ကဗျာ။ဆယ့်လေးအမြှောက်နှစ် ။နှစ်ဆယ့်ရှစ်နှစ်ရှိပြီဆိုတာ။
ဒါပဲ။သူပဲ။ကဗျာပဲ။ငါတို့ နှစ်ယောက်ကိုချိတ်ပေးတာ ကဗျာပဲ။
မင်းချစ်တဲ့ကဗျာပဲ။မင်းလက်ဖျံရိုးပေါ်ကနီရဲနေတဲ့တက်တူးလို ရဲနေတဲ့
မင်းစိတ်ဓာတ်။နီနေတဲ့မင်းနာမည်။ငါသိတယ်။မင်းမှုတ်ထုတ်ပစ်လိုက်တဲ့
မီးခိုးငွေ့ တွေဟာငယ်စဉ်တောင်ကျေးကတည်းကမင်းရဲ့ မကျက်သေးတဲ့အနာတွေ။
ငါသိတယ်။မင်းပစ်လွှတ်လိုက်တဲ့အကြည့်တွေဟာမာယာနွံထဲခြေချမိကတည်းက
ဖောက်ထုတ်ပစ်ချင်တဲ့ ဒဏ်ရာတွေ။
သေသူမှာ အသက်ရှူရပ်တော့ ရှင်သူမှာ အသက်ရှူ ကျပ်ရတယ်။
မင်းစိုက်ခဲ့တဲ့ပျိုးခင်း။မင်းရေးခဲ့တဲ့သမိုင်း။မင်းထားခဲ့တဲ့အဘိဓမ္မာ။
မင်း တာဝန်ကျေပါတယ်ကွာ။ မင်းဟာ ခရမ်းပြာထက်လူလို။
ဟိန်းစံ(ပဲခူး)လို။မင်းလုလင်လို။ဆူးခက်မင်းလို။
ကဗျာကို ချစ်တယ်။ ကဗျာတွေရေးတယ်။အနုပညာ။
အနုပညာဟာ မင်းအမြဲဆိုနေတဲ့သီချင်း။မင်းထွန်းမဲ့အလင်းဟာ။
ပဲခူးတစ်တိုင်းလုံးလင်းစေဦးမယ်။
လင်းကိုလင်းစေဦးမယ်။ငါ အသေအချာပြောရဲတယ်။
သားကြီး။သွေးထား။မင်းလက်ထဲက ဓားကို။သွေးထား။
တွေးထား။မင်းဖြိုခွင်းပစ်ရမဲ့ နံရံထူထူတွေအတွက်။တွေးထား။
အမေ့အတွက်။ပဲခူးအတွက်။နိုင်ငံအတွက်။တိုင်းပြည်အတွက်။
မင်းချစ်တဲ့အနုပညာအတွက်။သွေးထား။သားကြီး။တွေးထား။
မင်းနဲ့ ငါဟာ ။ ဆေးလိပ်နဲ့ မီးခြစ်လို။
နှစ်ယောက်ပေါင်းမှ အဓိပ်ပါယ်ရှိတာ။မမေ့နဲ့ ။
မေ့မသွားနဲ့ ။မိဝေးဖဝေးမှာ လောကဓံကို ရဲရဲကြီးအံတုခဲ့ကြတာ။မေ့မသွားနဲ့ ။
မေ့မသွားနဲ့ ။လက်ညှိုးညွှန်ရာရေမဖြစ်တဲ့ဘဝမှာ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့ကြတာ။မေ့မသွားနဲ့ ။
KLCCကြီးကို ကျောခိုင်းပြီး
ဟားရော့ခ်ကဖေးကိုတက်မက်ခဲ့ကြတာ။မေ့မသွေားနဲ့ ။
ကိုတာရာယာကြီးကို ကျောခိုင်းပြီး
အမည်ခံဦးသန့် လမ်းကို အမြတ်တနိုးသွားကြည့်ခဲ့ကြတာ။မေ့မသွားနဲ့ ။
သားကြီး။
ခမ်းနားလိုက်တာ။ပြင်သစ်သံရုံးကြီး။ဂျာမနီသံရုံးကြီး။စပိန်သံရုံးကြီး။
ဟော ဟိုမှာ မြင်နေရတာ ငါတို့ မြန်မာသံရုံးလေးပေါ့ကွာ။မေ့မသွားနဲ့ ။
MY DIN ဖြစ်ဖြစ် DIN MYဖြစ်ဖြစ် သေချာတယ်။ အဲဒီရှေ့ မှာ လမ်းဟာ
ငါတို့ ကို ပြန်လျှောက်ခဲ့တယ်။ ငါတို့ ခေါင်းပေါ်ကတဝီဝီ မိုးပျံရထားကြီး။
မမေ့နဲ့  သားကြီး။ဟိုမှာ သူဌေးငှာေးပးတဲ့ အဆောင်။ ငါ့ညီမလေးတစ်
ယောက် ဟိုအကောင်ကို ခေါ်တင်လာပြီ။မမေ့နဲ့ ။ မေ့မသွားနဲ့ ။ သားကြီး။
မေ့မသွားနဲ့ ။ဒါဟာ လျှက်တစ်ပြက် ရိုက်ချက်မဟုတ်ဘူး။ နှလုံးသားနဲ့ 
ရိုက်ထားတဲ့ ရိုက်ချက်။
ရှိသေးတယ် ။သားကြီး။
သမိုင်းပေးတာဝန်တွေ။
ရှိသေးတယ်။ငါတို့ မိုးကို ဒူးနဲ့ တိုက်ရဦးမယ်။ငါတို့  လောကဓံကို မီးတင်ရှို့ ရဦးမယ်။
ငါတို့ အနာဂတ်ကို လက်ညှိုးငေါက်ငေါက်ထိုးရဦးမယ်။
ရှေ့ မှာ လင်းနေတဲ့ အလင်းတုတွေကို စနစ်တကျ ပြန်မှောင်ခိုင်းရဦးမယ်။
သားကြီး။
မမေ့နဲ့ ။
မမေ့နဲ့ ကွာ။
မမေ့နဲ့ ။
ငါတို့ ဒီလို အလင်းမှုန်မှုန်လေးရဖို့ ဘယ်လောက်အထိ မှောင်မိုက်ခဲ့ရတယ် ဆိုတာ
မင်း   မေ့မသွားနဲ့  ။

                                                                                     မောင်ရဲမင်း  အတွက်

                                                                                      လူခါး

" ရွာထဲ ရွာလည်နေတာ အခေါက်သုံးဆယ် "



နိုဝင်ဘာဟာ အရင်လိုမဟုတ်တော့တာ သေချာတယ် ဒါမှမဟုတ်
မသေချာဘူး ဒီလမ်းက ဘယ်ပန်းတိုင်ဆီဦးတည့်နေမလဲဆိုတ
မိုင်တိုင် တစ် . . . နှစ် . . . သုံးဆယ် နောက် လေးဆယ် ငါးဆယ်ဆိုတာလဲ
မသေချာဘူး ထသွားထလာ ကံကြမ္မာထဲ အနည်ထိုင်နေတဲ့ ခင်ဗျား ။
တစ်ချိန်က နိုဝင်ဘာဟာ ခင်ဗျားအတွက် ချမ်းစိမ့်စိမ့်
အခု နိုဝင်ဘာဟာ ခင်ဗျားအတွက် လွမ်းစိမ့်စိမ့်
ဟိုတုန်းကဆိုတာကို မေ့ထားတတ်ခဲ့တဲ့ ခင်ဗျားက
မနက်ဖြန်တွေကိုကျတော့ သတိရတိုင်းစိတ်လိုလက်ရ ဂရုစိုက်နေပြန်ရော
ဆောင်းတွင်းမရှိတဲ့ ရာသီဥတု ( အပျက်ကြီး ) ထဲမှာ
နိုဝင်ဘာဟာ ( ခင်ဗျားအတွက် ) နှင်းတွေဝေတယ် ။

- မင်းလုလင် -

( သူငယ်ချင်း ကိုရဲမင်း မွေးနေ့အမှတ်တရ )

မွေးနေ့



ထွန်းလိုက်တဲ့ ဖယောင်းတိုင်ဟာ
အပူမရှိဘဲ ဘယ်လင်းပါ့မလဲ
မေမေက
သူပဲမွေးပြီး သူပဲမွှေးလို့မဆုံးတဲ့ ရနံ့လေး
သား.........တဲ့
ရင်နဲ့ခတ်တဲ့မီးကို ရင်ငွေ့နဲ့အေးစေတာ
မေမေရှာထားတဲ့ ဖော်မြူလာလား

စာရိတ္တကို စာလုံးပေါင်းတတ်ဖို့ကျောင်းကိုပို့ခဲ့တယ်
မေမေပေးတဲ့ နာမည်တစ်လုံးကို
တစ်ဘဝလုံးလှအောင်ရေးတတ်ဖို့ ကျောင်းကိုပို့ခဲ့တယ်
အသက်သုံးဆယ်အရွယ် သားကြီးငယ်ငယ်
လောကဓံဆိုတာ
ငွေဓားလေးနဲ့ ရွရွလှီးလို့မရတဲ့အကြောင်းတော့
မေမေ မသင်ရက်ခဲ့ဘူးမဟုတ်လား

အခု အပူမရှိတဲ့အလင်းအောက်မှာ
မေမေခွံ့ကျွေးခဲ့တဲ့ မေတ္တာဟာ အချိုဆုံး အရာမှန်းသိရတော့
ဖယောင်းတိုင်ဟာ
သားအပျော်ထဲ ပျော်ကျ သွားတော့တယ်

မွေးနေ့ ။ ။

( ဒီမွေးနေ့မှ ရှေ့ဖြတ်သန်းရမယ့်နေ့တွေမှာ မွေးမိခင်ကိုကျေးဇူးဆပ်နိုင်တဲ့ သားကောင်းတစ်ယောက်ဖြစ်ပါစေ )

မောင်ရဲမင်း အတွက် မွေးနေ့အမှတ်တရ (11 . 11 . 2012 ) 3:35 am

                                                                            ဆူးရဲ

လိုအပ်နေတဲ့ပင်လယ်

 မလက္ကာရေလက်ကြားမှာ
မျောလွင့်ခဲ့တဲ့ ရွက်တွေ
ခေတ်ကြီးရဲ့ မာလိန်မှုး (ဗီလိန်)
ကြယ်ရောင်တွေ မလွတ်ကင်းတဲ့
ကာဗွန်ဒိုင်အောက်ဆိုက်ဒ် နဲ့
လေဖိအားနည်းရပ်ဝန်းမှာ
ကျွန်တော်တို့ ကမ္ဘာကို ရွက်တိုက်လွှင့်ခဲ့တယ်
ကောင်းကင်ပြာပြာကြီးကို ငေးဆွတ်
ခေတ်မြန်ကြီးထဲမှာ
မုန်တိုင်းဟာလည်း ကဗျာတစ်ပုဒ်ပါပဲ
ဒီလို ..ခေတ်ခက်ဆစ်တွေ ဖွဲ့ဆိုရင်း
စိတ်ကူးထဲ ခေါက်သိမ်းထားရတဲ့
ဆောင်းဖြူဖြူလေး တစ်ထည်
သူ ………………
အိုမာခယမ်နဲ့ဖျော်စပ်ထားတဲ့ပေါ့ဆိပ်တစ်ခွက်အကြောင်း
တွေး  ………….. ဆွေး …………………
ခု ……………….
ကွာလာလမ်ပူမှာ
ကဗျာနဲ့အိမ်ထောင်ကျနေတယ် ။   ။

                                                      မောင်ရဲမင်း

သူငယ်ချင်း လင်းလက်တာရာ မွေးနေ့ အမှတ်တရပါ ။
လင်းလက်တာရာ ရေးသားပြီးတဲ့ ကဗျာခေါင်းစဉ်များနဲ့ ပြန်လည် ဖွဲ့သီပါတယ် ။

KL မြို့လယ်တစ်နေရာ

ဘာရယ်မဟုတ်ဘူး ၊ သွားရင်း လာရင်း သဘောကျလို့ ရိုက်ယူထားတာလေးပါ ။ မြို့လယ်ခေါင် bus stand တစ်ခုမှာ ၊ဘယ်လဂျီယံနိုင်ငံသားတစ်ဦး ဂစ်တာလွယ်ပြီး ဖျော်ဖြေမှု့လေး တစ်ခုပါ ။လူတွေက သူ့ရှေ့မှာ ချထားတဲ့ ဂစ်တာအိတ်ကလေးထဲကို ပိုက်ဆံတွေ ထည့်သွားကြတယ် ။ မြင်ကွင်းလေးက
သာမာန်ကြည့်မယ် ဆိုရင်တော့ လမ်းဘေးပိုက်ဆံရှာတယ်လို့ ခေါင်းစဉ်တပ်ကြမှာပါပဲ ။ကျွန်တော်က
တော့ တလေးတစား ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။


                                                                     မောင်ရဲမင်း

ဒီအချိန် ဒီနွေ

ရင်တွင်းမီးကို ဗို့အားမြှင့်ဖို့
စင်္ကြာဝဠာကြီး လောင်ကျွမ်းနေလိုက်တာ
ပျိုးခဲ့တာချင်းအတူတူ
ကျောက်ခေတ်ကမီးထက်
ဟောဒီ့ ၂၀၁၃ မီး
မညိမ်းသော .......
မီးတွေ.. မီးတွေ ....မီးတွေ
သင်္ချိုင်းမှာ မှတ်တိုင်လေးတွေ
စီစီရီရီ

မောင်ရဲမင်း