Wednesday 22 May 2013

သားကြီး။ မင်းနဲ့ ။ ငါနဲ့ ။ ပြီးတော့ ငါတို့ စိုက်ပျိုးခဲ့တဲ့ အမျှော် နဲ့ ။



သားကြီး။
ကြားလား။
အခု ပြောမယ့်စကားတွေမှာ မုသားမပါဘူး။
ဘာအနက်မှ ဝှက်မထားသလို ဘာအရောင်မှလည်းဆိုးမထားဘူး။ အဖြူသက်သက်။
ငါ မင်းကိုခေါ်တဲ့ဖုန်းတစ်ကောလ်နဲ့  မင်းငါ့ကိုခေါ်တဲ့
ဖုန်းတစ်ကောလ် ။ အဲဒါ ငါတို့ နှစ်ယောက်ရဲ့ ဆက်ထုံးပဲ။
တွေ့ ခဲ့ကြတယ်။ မင်းနှစ်ဆယ့်ကိုး။ ငါ နှစ်ဆယ့်ရှစ်။ လူဖြစ်စ။
မှတ်မိလား။ငါရေးတဲ့ကဗျာ။ဆယ့်လေးအမြှောက်နှစ် ။နှစ်ဆယ့်ရှစ်နှစ်ရှိပြီဆိုတာ။
ဒါပဲ။သူပဲ။ကဗျာပဲ။ငါတို့ နှစ်ယောက်ကိုချိတ်ပေးတာ ကဗျာပဲ။
မင်းချစ်တဲ့ကဗျာပဲ။မင်းလက်ဖျံရိုးပေါ်ကနီရဲနေတဲ့တက်တူးလို ရဲနေတဲ့
မင်းစိတ်ဓာတ်။နီနေတဲ့မင်းနာမည်။ငါသိတယ်။မင်းမှုတ်ထုတ်ပစ်လိုက်တဲ့
မီးခိုးငွေ့ တွေဟာငယ်စဉ်တောင်ကျေးကတည်းကမင်းရဲ့ မကျက်သေးတဲ့အနာတွေ။
ငါသိတယ်။မင်းပစ်လွှတ်လိုက်တဲ့အကြည့်တွေဟာမာယာနွံထဲခြေချမိကတည်းက
ဖောက်ထုတ်ပစ်ချင်တဲ့ ဒဏ်ရာတွေ။
သေသူမှာ အသက်ရှူရပ်တော့ ရှင်သူမှာ အသက်ရှူ ကျပ်ရတယ်။
မင်းစိုက်ခဲ့တဲ့ပျိုးခင်း။မင်းရေးခဲ့တဲ့သမိုင်း။မင်းထားခဲ့တဲ့အဘိဓမ္မာ။
မင်း တာဝန်ကျေပါတယ်ကွာ။ မင်းဟာ ခရမ်းပြာထက်လူလို။
ဟိန်းစံ(ပဲခူး)လို။မင်းလုလင်လို။ဆူးခက်မင်းလို။
ကဗျာကို ချစ်တယ်။ ကဗျာတွေရေးတယ်။အနုပညာ။
အနုပညာဟာ မင်းအမြဲဆိုနေတဲ့သီချင်း။မင်းထွန်းမဲ့အလင်းဟာ။
ပဲခူးတစ်တိုင်းလုံးလင်းစေဦးမယ်။
လင်းကိုလင်းစေဦးမယ်။ငါ အသေအချာပြောရဲတယ်။
သားကြီး။သွေးထား။မင်းလက်ထဲက ဓားကို။သွေးထား။
တွေးထား။မင်းဖြိုခွင်းပစ်ရမဲ့ နံရံထူထူတွေအတွက်။တွေးထား။
အမေ့အတွက်။ပဲခူးအတွက်။နိုင်ငံအတွက်။တိုင်းပြည်အတွက်။
မင်းချစ်တဲ့အနုပညာအတွက်။သွေးထား။သားကြီး။တွေးထား။
မင်းနဲ့ ငါဟာ ။ ဆေးလိပ်နဲ့ မီးခြစ်လို။
နှစ်ယောက်ပေါင်းမှ အဓိပ်ပါယ်ရှိတာ။မမေ့နဲ့ ။
မေ့မသွားနဲ့ ။မိဝေးဖဝေးမှာ လောကဓံကို ရဲရဲကြီးအံတုခဲ့ကြတာ။မေ့မသွားနဲ့ ။
မေ့မသွားနဲ့ ။လက်ညှိုးညွှန်ရာရေမဖြစ်တဲ့ဘဝမှာ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့ကြတာ။မေ့မသွားနဲ့ ။
KLCCကြီးကို ကျောခိုင်းပြီး
ဟားရော့ခ်ကဖေးကိုတက်မက်ခဲ့ကြတာ။မေ့မသွေားနဲ့ ။
ကိုတာရာယာကြီးကို ကျောခိုင်းပြီး
အမည်ခံဦးသန့် လမ်းကို အမြတ်တနိုးသွားကြည့်ခဲ့ကြတာ။မေ့မသွားနဲ့ ။
သားကြီး။
ခမ်းနားလိုက်တာ။ပြင်သစ်သံရုံးကြီး။ဂျာမနီသံရုံးကြီး။စပိန်သံရုံးကြီး။
ဟော ဟိုမှာ မြင်နေရတာ ငါတို့ မြန်မာသံရုံးလေးပေါ့ကွာ။မေ့မသွားနဲ့ ။
MY DIN ဖြစ်ဖြစ် DIN MYဖြစ်ဖြစ် သေချာတယ်။ အဲဒီရှေ့ မှာ လမ်းဟာ
ငါတို့ ကို ပြန်လျှောက်ခဲ့တယ်။ ငါတို့ ခေါင်းပေါ်ကတဝီဝီ မိုးပျံရထားကြီး။
မမေ့နဲ့  သားကြီး။ဟိုမှာ သူဌေးငှာေးပးတဲ့ အဆောင်။ ငါ့ညီမလေးတစ်
ယောက် ဟိုအကောင်ကို ခေါ်တင်လာပြီ။မမေ့နဲ့ ။ မေ့မသွားနဲ့ ။ သားကြီး။
မေ့မသွားနဲ့ ။ဒါဟာ လျှက်တစ်ပြက် ရိုက်ချက်မဟုတ်ဘူး။ နှလုံးသားနဲ့ 
ရိုက်ထားတဲ့ ရိုက်ချက်။
ရှိသေးတယ် ။သားကြီး။
သမိုင်းပေးတာဝန်တွေ။
ရှိသေးတယ်။ငါတို့ မိုးကို ဒူးနဲ့ တိုက်ရဦးမယ်။ငါတို့  လောကဓံကို မီးတင်ရှို့ ရဦးမယ်။
ငါတို့ အနာဂတ်ကို လက်ညှိုးငေါက်ငေါက်ထိုးရဦးမယ်။
ရှေ့ မှာ လင်းနေတဲ့ အလင်းတုတွေကို စနစ်တကျ ပြန်မှောင်ခိုင်းရဦးမယ်။
သားကြီး။
မမေ့နဲ့ ။
မမေ့နဲ့ ကွာ။
မမေ့နဲ့ ။
ငါတို့ ဒီလို အလင်းမှုန်မှုန်လေးရဖို့ ဘယ်လောက်အထိ မှောင်မိုက်ခဲ့ရတယ် ဆိုတာ
မင်း   မေ့မသွားနဲ့  ။

                                                                                     မောင်ရဲမင်း  အတွက်

                                                                                      လူခါး

No comments:

Post a Comment

ဝေဖန်မှု့ကို ကြိုဆိုပါတယ်