Sunday, 8 September 2013

နဖူးမှာမတို့လိုက်တဲ့ ပြာတစ်တို့ရဲ့ နောက်ကွယ်




(၁)
အရာအားလုံးပြီးသွားပေမယ်လို့ တစ်ချို့က အခုမှစတယ်။ သွားနှင့်တဲ့သူကို အကောင်း ဆုံး လိုက်ပါပို့ဆောင်လို့ ပြန်လာတဲ့သူတွေက ပြန်လာကြတယ်။ တစ်ချို့အတွက်တော့ ဇာတ်လမ်းက အခုမှစတယ်။

(၂)
မခင်တင့် တစ်ယောက် အလုပ်တွေရှုပ်နေတယ်။ အိပ်လို့တောင်မပျော်ဘူး။ နက်ဖြန်ခါကျရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားရင်း နဖူးပေါ်လက်တင်တော့ ပက်လက်၊ လက် ပေါ်နဖူးတင်တော့ မှောက်ရက်ဖြစ်လို့နေတယ်။ အစီအစဉ်တွေလည်း ခေါင်းထဲမှာ ပြည့် နှက်လို့နေတယ်။ နောက်ဆုံးမျက်စိကိုစုံမှိတ်ပြီး စိတ်နှလုံးဒုံးဒုံးချလို့ ငါကကောင်းစေချင် တဲ့စေတနာနဲ့ လုပ်တာပဲလို့ တွေးရင်းနဲ့ပဲ ညတစ်ညကို ကုန်ဆုံးစေလိုက်တယ်။

မနက်မိုးလင်းချိန်မှာတော့ မခင်တင့် က သူ့လုပ်ငန်းစဉ်ကို စတင်တယ်။ လူနိုင်ဖြစ်တဲ့ အစ်မလတ်ရဲ့ယောက်ျား ခဲအို ကိုမောင်နိုင်နဲ့ တူအငယ်ကောင်ခေါ်ပြီး သေလို့မှရက်မ လည်သေးတဲ့ အစ်မကြီးအိမ်ကို သွားတယ်။ အိမ်လည်းရောက်ရော၊ တံခါးခေါက်ကြည့် တော့ အတော်ပဲဖြစ်သွားတယ်။ လောလောလတ်လတ် မုဆိုးဖိုဖြစ်နေတဲ့ အစ်မကြီးရဲ့ ယောက်ျားက အိမ်မှာရှိမနေဘူး။ တူအကြီးကောင်ကပဲ တံခါးလာဖွင့်ပေးတယ်။ တူတွေ ကတော့ အကြီးကောင်ကကိုးတန်း၊ အငယ်ကောင်က ခုနှစ်တန်းပဲရှိသေးလို့ သူပြောသမျှနာခံရမှာပဲ။ ဒီလိုနဲ့ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောရင်နဲ့ပဲ မခင်တင့်က သူ့အလုပ်ကိုသူစတယ်။

ပထမဦးဆုံးအိပ်ခန်းထဲဝင်တယ်၊ သော့ခတ်ထားတဲ့ဗီဒိုကို တူအကြီးကောင်ဆီက သော့ယူပြီးဖွင့်တယ်။
ထမ်ီတွေတွေ့တော့ သားတို့မိန်းမယူရင်ဝတ်ဖို့ အဒေါ်ကြီးသိမ်း ထားပေးမယ်ဆိုပြီး ယူလာတဲ့ ဆာလာအိတ်ထဲထည့်တယ်။


“ဖိနပ်တွေကော။”

“သားတို့ မိန်းမယူရင်ပြန်ပေးမယ်။”

“ခြေထောက်က တစ်ယောက်တစ်ယောက် ဆိုဒ်မှမတူတာ။”



“ဪငါတူတွေနဲ့ တုံးလိုက်တာ ခြေထောက်ကကြီးနေတော့ ခြေထောက်ကို လှီးပေါ့၊ ဖိနပ်ကကြီးတော့လည်း ဖိနပ်ပေါ့။ ဒါများဘာခက်တာလိုက်လို့။”

“ဒါက သြကြီး(သေသွားတဲ့အစ်မကြီးနဲ့ မခင်တင့်တို့ရဲ့မောင် အငယ်ဆုံး) မင်္ဂလာဆောင်တုန်းက အဖွားက သူ့သမီးလေးယောက်ဝတ်ဖို့ဆိုပြီး တစ်ယောက်တစ်ထည် ဆင်တူ ဝယ်ပေးတဲ့ ချိတ်လုံချည်တွေမှတ်လား။”

“အေးလေ။ နင်တို့၊ ဖိုးစည်(အစ်မလတ်နဲ့ အခုခေါ်လာတဲ့ ကိုမောင်နိုင်တို့ရဲ့သား)တို့ မိန်းမယူရင် ပြန်ပေးမှာပေါ့။ ကိုယ့်အဒေါ်က မတရားလုပ်ပါ့မလား ၊ နောက် အိသဲ(မခင်တင့် ရဲ့ နောက်ထပ်အစ်မလတ်တစ်ယောက်က မွေးတဲ့သမီး) ကြီးလာရင်လည်း တစ် ထည်ပေးရဦးမှာ။”

“ပုသိမ်ထီး၊ ပုသိမ်ထီး။ ဒါကရော ကျွန်တော်တို့မိန်းမအတွက်ပဲလား။ ကျွန်တော်တို့ မိန်း မတွေက ပုသိမ်ထီးတော့ ဘယ်ဆောင်းမှာတုန်း။”

“ဟဲ့… ဒါက အိသဲအတွက်ဟဲ့။”

“ဟင်… အိသဲက အခုပဲ ၆တန်း၊ ၇တန်းရောက်နေပြီ။ နောက်ပြီးတော့ ဒေါ်ကြီးတူမက ပဲကလည်း ခပ်များများနဲ့။ ဒါကြီးဆောင်းပါတော့မလား။ အိမ်မှာတောင် ဘယ်သူမှ မဆောင်းလို့ ဒီအတိုင်းအလှထား ထားတာကို။”

“ဆောင်းဆောင်းမဆောင်းဆောင်း သိမ်းတာတော့ သိမ်းထားရမှာပဲ။”

“မိတ်ကပ်ဘူးတို့၊ ရေမွှေးတို့၊ အလှပြင်ပစ္စည်းတို့ဗျာ။”

“ဒါလည်းနင်မိန်းမ ယူရင်ပြန်ပေးမှာပေါ့။”

“အင်္ကျီတွေကရော၊ မိန်းမယူရင်ပဲလား။”

“ဟုတ်တယ်၊ အနွေးထည်တွေကောပဲ။”

“နာရီတို့၊ မျက်မှန်တို့ကော။”

“အဲဒါတွေလည်းပါတယ်။”

“တခြားလက်ဝတ် လက်စားတွေကတော့ ထားပါတော့။ အမေဆေးကုတာနဲ့ပဲ ကုန်သ လောက်ရှိနေပါပြီ။ ဒါပေမယ့် အမေသေတုန်းက ဝတ်ထားလို့ ပါရဂူဆေးခန်းမှာ အ လောင်းကနေ ချွတ်ပေးလိုက်ရတဲ့ နားကပ်ကော။ အဲဒီတုန်းက အဖေကြီးတို့တောင် ပူ ထူနေပြီး သတိမရကြလို့ ဆေးခန်းက နပ်စ်မကလေးက ချွတ်ပြီးပေးလိုက်တာလေ။”

“အဲဒါလည်း ငါကနင်တို့အဖွားအိမ်မှာ သိမ်းပေးထားတယ်။ နင်တို့မိန်းမယူရင် နင်တို့ မိန်းမတွေကို ပေးမှာပဲ။”

“ဒါပေမယ့် နားကပ်က တစ်ရံတည်းလေ။ တစ်ယောက်တစ်ဖက်ဆီ ပန်လို့မှမရတာ။”

“အေးလေ ရောင်းပြီး နင်တို့ညီအစ်ကိုနှစ်ယောက် ပြန်ခွဲပေါ့။”

“ဟောဗျာ ကျွန်တော်တို့က နားကပ်တစ်ရံအတွက်နဲ့ မယူမနေရမိန်းမယူရမလို ဖြစ်နေ ပြီ။”

“မရဘူး နင်တို့မိန်းမယူမှ ငါကပြန်ပေးမှာ။ အခု ငါသိမ်းထားမယ်။”

ဒီလိုနဲ့ပဲ ညနေလည်းစောင်းရော ဆာလာအိတ်သုံးအိတ်အပြည့် အဝတ်အစားတွေနဲ့ တိုလီမုတ်စတွေ ပြည့်သွားပါတယ်။ အဲဒါတွေကိုသယ်ပြီး ဘတ်စ်ကားစီးပြီးတော့ အိမ် ပြန်လာကြတယ်။ ပစ္စည်းတွေကိုတော့ ကိုမောင်နိုင်ကထမ်းပေါ့။ ည၈နာရီ၊ ၉နာရီလည်း ရောက်ရော၊ တူအကြီးကောင်က အိမ်ကိုပေါက်ချလာတယ်။ အိမ်အပေါ်ထပ် ထပ်ခိုးကို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ပဲ တစ်ခါတည်းတန်းပြီးတော့ တက်သွားတယ်။ အဖွားအိမ်ပဲ၊ သူက လည်းဒီလိုပဲလာနေကြမို့လို့ လူကြီးတွေက သိပ်တောင်ဂရုမစိုက်မိကြဘူး။ နောက်မှ ထပ်ခိုးပေါ်ကနေ တဟီးဟီးနဲ့ငိုသံကြားလို့ အိမ်မှာရှိတဲ့သူအားလုံးက ထပ်ခိုးပေါ်ကို လိုက်တက်သွားကြတယ်။ အပေါ်ထပ်ရောက်လို့ ကြည့်လိုက်တော့ အကြီးကောင်ကြီး က တရှုံ့ရှုံနဲ့ငိုနေတာတွေလို့ မခင်တင့်မောင်အငယ်ဆုံးကပဲ၊

“သားကြီးရေချမ်း၊ ဘာဖြစ်တာလဲ၊ သြကြီးကိုပြော”
လို့ မေးပေမယ့်လို့ ဘာမှပြန်မဖြေဘူး။ ငိုပဲငိုနေတယ်။ နောက်ဆုံးတော့ ဖွားအေလုပ်တဲ့သူကပါ မနေနိုင်လို့ ဝင်မေး တော့မှ

“မနက်ကအဒေါ်ကြီးက အိမ်ကအမေ့ပစ္စည်းတွေကို ယူချသွားတယ်။ အဖေကြီးလည်း ပြန်ရောက်လာရော၊ မင်းတို့အမေပစ္စည်းတွေဘယ်ရောက်ကုန်လဲလို့ မေးတော့ အဒေါ် ကြီးယူသွားတယ်လို့ သားတို့ကပြန်ဖြေတာကို အဖေကြီးက ကျန်တဲ့ပစ္စည်းတွေကို သူနဲ့ ဘာမှမဆိုင်ပဲနဲ့ ယူသွားပေမယ့်လို့ ငါခွင့်လွှတ်တယ်၊ ဒါပေမယ့် အမေကြီးကိုင်နေကြ ဆလင်းဘတ်အိတ်ကို ယူသွားတာတော့ အမေကြီးမသေခင်က တမြတ်တနိုးသုံးခဲ့တဲ့ပစ္စည်းမို့လို့ မကျေနပ်ဘူး။ ယူတဲ့သူကို ငါသတ်မယ်လို့ ဓါးကြိမ်းကြိမ်းပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ဆူနေလို့ ကျွန်တော်အိမ်ကနေ ထွက်လာတာ”လို့ ဖြေရှာတယ်။

ဒါနဲ့ပဲ မခင်တင့်ရဲ့မောင်က မခင်တင့်ကိုဆူပါလေရော။

“အပျိုကြီးရယ်၊ နင်ကလည်း ဦးဏှောက်မရှိတာ၊ သူ့မိန်းမပစ္စည်း သူ့မိန်းမသေရင် ယောက်ျားလုပ်တဲ့သူက ပိုင်တာပဲ။ သူ့စိတ်တိုင်းကျ သူ့ဖာသာသူစီစဉ်မှာပေါ့။ နင်က မမေးမမြန်းပဲနဲ့လုပ်တာကို။ သွားပြန်ပေးလိုက်။”

မခင်တင့်ကတော့ မျက်လုံးကလေး ကလယ်ကလယ်နဲ့ ငြိမ်ပြီး နားထောင်နေလိုက်တယ်။ သူကလည်း အမှားလုပ်ထားတာကိုး။ ဒါပေမယ့်လည်း ပစ္စည်းတွေကတော့ ပပထူတာတောင် မထချင်တဲ့ပုံနဲ့ နေရာမရွေ့ပဲ မခင်တင့်ရဲ့ဗီဒိုထဲမှာ ခန့်ခန့်ကြီးနဲ့ဆန့်ဆန့် ကြီး နေနေကြတော့တယ်။

(၃)
မောင်နှမငါးယောက်ထဲမှာ အကြီးဆုံးဖြစ်လို့ အစ်မကြီးအမိရာနဲ့ စောင့်ရှောက်ခဲ့တဲ့သူ လည်းဖြစ်၊ ဆွေတွေမျိုးတွေကြားထဲမှာလည်း သမာသမတ်မျှတတဲ့ ဦးစီးဦးဆောင် ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် အားလုံးကချစ်ခင်လေးစားကြတဲ့ အစ်မကြီး ကွယ်လွန်သွားခြင်း လေးနှစ်ပြည့်တဲ့အတွက် အစ်မကြီးအတွက် ရည်စူးပြီး ဆွမ်းကျွေးအလှူ လုပ်ကြတယ်။ ကိုယ့်အိမ်ရှိ မိသားစုတွေနဲ့ပဲ နည်းနည်းနဲ့ကျဲကျဲ ဝိုင်းလိုက်ကြတယ်။ အဲဒီ အလှူကို အစ်မလတ်နဲ့ သူ့အမျိုးသားကိုမောင်နိုင်တို့လည်း လာတယ်။ ဆွမ်းကျွေးပြီးတော့ လူတွေအလှည့်ပေါ့။ အားလုံးလည်း စားပြီးသောက်ပြီးရော ပြန်တဲ့သူတွေက ပြန် ကုန်ကြတယ်။ ပန်းကန်တွေ၊ ခွက်တွေဆေးရင်းကြောရင်းနဲ့ ကျန်ခဲ့တဲ့အစ်မလတ်ကိုတော့ သူ့အမျိုးသားက စောင့်ကျန်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ မုဆိုးဖိုဖြစ်နေတဲ့ ဦးချစ်ကပဲ အိမ်ရှေ့ဝရံတာကို ခေါ်သွားပြီးတိုင်ပင်တယ်။

“မောင်နိုင်ရာ၊ ငါလည်းပဲ။ အသက်မငယ်တော့ဘူး။ မင်းတို့အစ်မကြီးလည်း ဆုံးတာ လေးနှစ်လောက်ရှိပြီ။ ငါ့မှာလည်း ဆေးပေးမီးယူ အဖော်တစ်ယောက်တော့ လိုတယ်ကွာ။ ကလေးတွေလည်း မအေမရှိတော့ အနည်းအများဆိုသလို စိတ်လေပြီး ပျက်စီးတာတော့ရှိတာပဲ။ အိမ်မှာလည်း ငါတို့သားအဖတွေအတွက် ချက်ဖို့ပြုတ်ဖို့၊ လျှော်တာ ဖွတ်တာလုပ်ဖို့ ကူဖော်လောင်ဖက် မိန်းမသားတစ်ယောက်တော့လိုတယ်ကွာ။ အဲဒါနဲ့ ငါလည်း မယားညီအစ်ကိုဖြစ်ရုံတင်မက၊ မင်းတို့အစ်မကြီးရှိတုန်းကတည်းက ညီအစ်ကိုလိုဖြစ်နေလို့ မင်းကိုထုတ်ပြီး တိုင်ပင်တာပါ။”

“အင်း......ဟုတ်တာပေါ့၊ ဦးချစ်ရာ။ ဦးချစ်နောက်အိမ်ထောင်ပြုမယ်ဆိုလည်း အပြစ်ပြောစရာ ကျွန်တော့်အနေနဲ့တော့ မရှိဘူး။ နောက်ဦးချစ် အစ်မကြီးရှိစဉ်က အိမ်ထောင်ဦးစီး တာဝန်ကို ပြည့်ပြည့်ဝဝထမ်းဆောင်ခဲ့တာပဲ။ ကျွန်တော်မှတ်မိတယ်။ အစ်မကြီးနဲ့ ကလေးတွေက ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ လိုက်ပြတာ၊ ကလေးတွေက ရုပ်ရှင်ကြည့်နေပေမယ့်၊ ဦးချစ်က ခုံပေါ်မှာထိုင်ရက်ကြီး အိပ်ပျော်ရင်းနဲ့ ဟောက်နေတယ်။ အဲဒီလောက်အထိ မိန်းမနဲ့ကလေးတွေကို အပင်ပန်းခံပြီး ရှာဖွေကျွေးမွေးလာခဲ့တာပဲ။ နောက်တစ်ခုက အခု ဦးချစ်နောက်အိမ်ထောင်ပြုမယ်ဆိုရင်လည်း ဒါဖောက်ပြန်တာမှ မဟုတ်တာ။ တစ်ပင်လဲလို့တစ်ပင်ထူတာပဲ။ ကျွန်တော်တော့ အပြစ်ပြောစရာမရှိပါဘူး။ ဦးချစ် တွေ့ထားတာရှိလို့လား။”

“ငါတော့ မျက်စိထဲ မခင်တင့်ကို မြင်မိတာပဲ။ မောင်နိုင် မင်းကော ဘယ်လိုထင်သလဲ။”

“အဲဒါတော့ ဦးချစ်နဲ့ ကျွန်တော်နဲ့ အမြင်ခြင်းတူတယ်။ ဟုတ်တယ်၊ ကျွန်တော်လည်း မခင်တင့်ကို ဦးချစ်နဲ့သဘောတူတယ်။ ဦးချစ်အနေနဲ့လည်း အဆင်ပြေပြေ ကိုယ့်လူရင်းထဲကပဲ အိမ်ထောင်ဖက်ရမယ်။ သူစိမ်းဆို သူ့အကြောင်း ကိုယ့်အကြောင်း မသိတာနဲ့၊ နောက်ကျွန်တော်တို့ ယောက္ခမကြီးဆုံးရင်လည်း အမွေကိစ္စတွေဘာတွေမှာ ဦးချစ်နဲ့ ကလေးတွေအတွက် အခက်အခဲမရှိတော့ဘူး။ ညီအစ်မအချင်းချင်းကိုး။ နောက်ကလေးတွေအတွက်လည်း သူစိမ်းမိထွေးဆိုတာထက်စာရင် အမေညီအစ်မအရင်း၊ ကိုယ့် အဒေါ်အရင်းပဲ။ သူစိမ်းထက်တော့ သာမှာပါ။ သူတို့ချင်းလည်း ပိုရင်းနှီးတာပေါ့။ နောက်ဦးချစ်သေရင်လည်း ကလေးတွေ အမွေကိစ္စတို့ဘာတို့က ပိုစိတ်ချရမယ်။ သူစိမ်းဆိုရင်တော့ ကလေးတွေရဖို့က မသေချာတော့ဘူး။ မခင်တင့်ဖက်က ကြည့်ရင်လည်း ဦးချစ်က မုဆိုးဖိုဆိုပေမယ့် မိသားစုအပေါ်ကောင်းတဲ့သူ၊ လင်ကောင်းသားကောင်းလို့ ပြောလို့ရပါတယ်။ ပစ္စည်းဥစ္စာလည်း အသင့်အတင့်ရှိတဲ့ သူပဲ။ ကျန်မိသားစုဖက်က ကြည့်တော့လည်း ကိုယ့်လူအချင်းချင်းဆိုတော့ သူစိမ်းဝင်မပါတော့ဘူးပေါ့။ အသိုက်အမြုံလည်း မပျက်တော့ဘူး။ ပတ်ဝန်းကျင်အပြောအဆိုလည်း သူစိမ်းကိုယူတာထက် စာရင်တော့ နည်းတာပေါ့။ ဘာလို့လည်းဆိုတော့ ဒီလိုအစ်မသေလို့ ညီမကိုဆက်ယူ တာတွေလည်း အများကြီးကို။ အားလုံးအဆင်ပြေမယ့်ကိစ္စပဲ ကျွန်တော်တော့ အားပေးပါတယ်။”

“အေးကွာ၊ ငါလည်း မခင်တင့်ကိုတော့ ဆောင်းပါးရိပ်ခြေပြောထားတယ်။ ဘယ်လိုတုံ့ပြန် မယ်တော့မသိသေးဘူး”

“အဆင်ပြေမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဦးချစ်ရယ်။”

(၄)
မခင်တင့်တစ်ယောက် အလုပ်တွေရှုပ်နေတယ်။ အိပ်လို့တောင်မပျော်ဘူး။ နက်ဖြန်ခါကျရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားရင်း နဖူးပေါ်လက်တင်တော့ ပက်လက်၊ လက်ပေါ်နဖူးတင်တော့ မှောက်ရက်ဖြစ်လို့နေတယ်။ အစီအစဉ်တွေလည်း ခေါင်းထဲမှာ ပြည့်နှက်လို့နေတယ်။ နောက်ဆုံး မျက်စိကိုစုံမှိတ်ပြီး စိတ်နှလုံးဒုံးဒုံးချလို့ ငါကကောင်းစေချင်တဲ့စေတနာနဲ့ လုပ်တာပဲလို့ တွေးရင်းနဲ့ပဲ ညတစ်ညကို ကုန်ဆုံးစေလိုက်တယ်။

********

မနက်လည်းရောက်ကော မခင်တင့်က သူ့အမေကို ပြောတယ်။

“အမေ ဒီနေ့နေ့လည်ကျရင် ဦးချစ်မောင်အိမ်ကိုလာလိမ့်မယ်။ အမေသိတယ်မှတ်လား ဘာလို့လာတယ်ဆိုတာကို။ သူနဲ့ယူလိုက်ရင်၊ ကလေးတွေက သမီးကို မိထွေးခေါ်ကြမှာပေါ့။ သမီးအတွက်လည်း မကောင်းဘူး၊ ကလေးတွေအတွက်လည်း မကောင်းဘူး၊ ပတ်ဝန်းကျင်ကလည်း သမီးတို့ကို ဘယ်လိုပြောမလဲ။ အဲဒီတော့ အမေက ဦးချစ်မောင်လာလို့ သမီးကိုမေးရင် သမီးမရှိဘူးလို့ပြောလိုက်၊ သမီးက အပေါ်ထပ်မှာပုန်းနေမယ်။”

(၅)
ဒီလိုနဲ့နှစ်တွေကြာပြီးတဲ့နောက်မှာ ကိုရေချမ်းနဲ့ သူ့အမျိုးသမီးတို့ ကျွန်တော့်အိမ်ကို လာကြပါတယ်။ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောကြရင်းနဲ့ ကျွန်တော့်အိမ်မှာရှိတဲ့ အမေစိုက်ထားတဲ့ နှင်းဆီပန်းအိုးကိုတွေ့တာနဲ့ ကျွန်တော်က......


“ဒါအစ်ကိုကြီးအမေက အမေ့ကိုမျိုးခွဲပေးလိုက်တဲ့အပင်တွေလေ။ အသက်တွေသိပ် ကြီးလို့ ပန်းတောင်မပွင့်နိုင်တော့ဘူး။ ဒါပေမယ့်အမေက ငါ့အစ်မကြီးပေးသွားတဲ့အပင် တွေဆိုပြီး အမြတ်တနိုးနဲ့ ရေလောင်းပေးနေတုန်း”လို့ ပြောရင်းသူတို့ကို ပြရတယ်။

အစ်မက “ငါနဲ့နင့်အစ်ကို ရန်ဖြစ်ကြသေးတယ်”လို့ ပြောလို့ ကျွန်တော်က သူတို့ကိုပျော် စေချင်တာနဲ့

“အစ်မကလည်း ဖြစ်မှာပေါ့။ အစ်ကိုကြီးက အစ်မကို ချစ်လို့ယူတာမှ မဟုတ်တာ။ အ ဒေါ်ကြီးဗီဒိုထဲက သူ့အမေပစ္စည်းတစ်ခုတွေ့လိုက်ရင်း အဒေါ်ကြီးက နင်တို့ညီအစ်ကို မိန်းမယူရင် နင်တို့မိန်းမတွေကို ပေးမယ်လို့ ပြောလိုက်လို့ အဒေါ်ကြီးဆီက အမွေကိုလိုချင်တာနဲ့ မိန်းမရပြီးရောကွာဆိုပြီးတော့ အစ်မကို ယူလိုက်တာ”လို့ ဆိုတော့ အစ်မနှုတ်ခမ်းချက်ချင်း ဆူတက်လာတယ် ။  တကယ်ထင်သွားမှာစိုးလို့လည်း “စတာနော်အစ်မ”လို့ ကိုယ့်စကား ကိုယ်ပြန်ဖာရသေးတယ်။

“အေးကွာ၊ အမေ့ပစ္စည်းတွေမှာ ကျန်တာတော့မမက်ပါဘူး။ အမေ့နားကပ်ကလေးပဲ။” လို့ ကိုရေချမ်းက နှမြောတသသနဲ့ ပြောပါတယ်။ ဒီတော့မှအစ်မက အလန့်တကြားနဲ့

“အမလေး၊ မောင်ရယ်၊ နင့်အဒေါ်ပစ္စည်းတွေတော့ မယူပါရစေနဲ့။ တော်ကြာသူသေရင် မကျွတ်ပဲနဲ့ ငါတို့ကို လာခြောက်နေပါဦးမယ်။”

အစ်မက သတ္တိခဲပါ။ အိပ်ရင်တောင် တစ်ယောက်ယောက်ရဲ့အသားနဲ့ ထိမနေရင် မ အိပ်တတ်ဘူး၊ ဗန္ဓုလသွေးပါတာပေါ့။

“ဒီလိုဆိုရင် အစ်ကိုကြီးရာ၊ ကြီးမေနားကပ် အဒေါ်ကြီးဆီမှာရှိသေးလားလို့ အဒေါ်ကြီး ကိုမေးလိုက်၊ မရှိရင်လည်းဆုံးပေါ့။ ရှိသေးတယ်ဆိုရင်တော့လည်း၊ အဲဒီနားကပ်ကို ရောင်းပြီး သုံးလိုက်တော့၊ သားတို့ညီအစ်ကိုက ကြီးမေအတွက်ရည်စူးပြီး အဒေါ်ကြီး ကိုလှူတယ်လို့ ပြောလိုက်။ သူလည်းအခုအဖွားလည်းမရှိတော့ အပျိုကြီးတစ်ယောက် တည်းနေနေရတာ။ တော်တော်လေး ငွေရေးကြေးရေးကျပ်တည်း နေတယ်ဆိုတော့။ သူသုံးချင်ရင်လည်းသုံးပေါ့။ မသုံးပဲနဲ့ ငါလှူမယ်ဆိုလည်း၊ အဒေါ်ကြီးအိမ်မှာပဲ ကြီးမေကိုရည်စူးပြီး ဘုန်းကြီးဆွမ်းကပ်လိုက်တာပေါ့။ နားကပ်ကလည်း မက်လောက်စရာမှမရှိတာ။ ကျောက်တွေဘာတွေထုတ်ပြီး ပြန်ရောက်လိုက်ရင်၊ အခုရွှေဈေးနဲ့ သုံးသိန်း ကျော်ကျော်ပေါ့။ ဘာတန်တာမှတ်လို့။ မဟုတ်ရင်သူလည်း သူများပစ္စည်း ခိုးတယ် တော့မဟုတ်ဘူးပေါ့လေ ဒါပေမယ့်လည်း ပိုင်ရှင်သဘောမတူပဲနဲ့ ယူတာဆိုတော့လည်း။ သူလည်း အကုသိုလ်ဖြစ်မယ်။ အဲဒီတော့ဘာမဟုတ်တာနဲ့ ဇယားအရှုပ်မခံပဲနဲ့ အခုတည်းက ရှင်းလိုက်တာကောင်းတယ်။”လို့ ကျွန်တော်ကဝင်ပြီး ဆရာလုပ်တာနဲ့

“အေးကွာ၊ မင်းပြောတာမဆိုးပါဘူး၊ ငါကြည့်ပြီးစီစဉ်လိုက်ပါမယ်။ အဒေါ်ကြီးနဲ့အဖေနဲ့ ကိစ္စအဆင်ပြေသွားခဲ့ရင်လည်း ကောင်းသားကွာ။ ငါတို့လည်း သားအဖတွေ အခုလို တကွဲတပြားမဖြစ်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း သားအဖအချင်းချင်း စိတ်ဆိုးရတာ၊ ဒေါသထွက်ရတာတွေ မရှိတော့ဘူး။ အဖေလည်း ဟိုမိန်းမနှိပ်စက်တာ တွေ၊ အဲဒီမိန်းမနဲ့ရတဲ့ ပုစုခရုတွေကြောင့် စိတ်ညစ်ရတာတွေမရှိတော့ဘူး။ အခုကြတော့ ငါတို့အဖေလည်း အသက်ကြီးမှ ဒုက္ခရောက်နေရတယ်။ အခုဆို စံရိပ်ငြိမ်ကအိမ်လည်း ရောင်းလိုက်တော့ အမေနဲ့လက်ထပ်ပွားဆိုတာ မရှိတော့ပဲနဲ့ ငါတို့အတွက် မိဘအမွေအနှစ်ဆိုတာ မကျန်တော့ဘူး။ အဖွားဆုံးတုန်းကလည်း ငါတို့အတွက် ဘာမှမယ် မယ်ရရ မရလိုက်ဘူး။”လို့ အစ်ကိုကြီးကိုရေချမ်းက ငြီးငြီးငြူငြူနဲ့ပြောပါတယ်။

“ဒါတော့အစ်ကိုကြီးရယ် အဒေါ်ကြီးအနေနဲ့က ပြာလောက်ကိုတော့ နဖူးမှာဘယ်တို့ ထားချင်ပါ့မလဲ။”


                                                                                               မောင်ရဲမင်း

No comments:

Post a comment

ဝေဖန်မှု့ကို ကြိုဆိုပါတယ်