Wednesday 22 May 2013

ဆီမီးကြာခိုင်



                                    
 "ဟိုဖက်ကမ်းက မီးထိန်ထိန်
  ဒီဖက်ကမ်းက မီးထိန်ထိန်
  ဆီမီးထိန်ထိန် လင်းပါတဲ့
  မနှင်းတို့အိမ်"

ငယ်ငယ်က ရွတ်ဆိုသင်ခဲ့ရတာလေး သတိရမိ နေပါသည်။
                                ကျွန်တော်ငယ်ငယ်ကနေခဲ့သောမြို့လေးတွင်သီတင်းကျွတ်မီးထွန်းပွဲ၊ဈေးတန်းလမ်းလျှောက်ရသည်
မှာ ပျော်စရာကောင်း၏။ လမ်းမကြီး ဝဲယာတလျှောက်တွင် ဝါးလုံးတိုင်များ စိုက်ပြီး ကြိုးတန်းထား၏။ ကြိုးတန်းတလျှောက်၌ကား … ရောင်စုံမီးပုံများ အစီအရီ ထွန်းထားကြသည်။ လမ်းဆုံလမ်းခွများတွင်မူ မုဒ်ဦးကြီးများနှင့် ….။ မီးရောင်စုံ …။ မီးပုံး ပုံသဏ္ဍာန်အမျိုးမျိုးနှင့် …..။
နေမကျခင်ကတည်းမှ ကျွန်တော်တို့ ကလေးတသိုက် ဂွေလိမ့်ရင်း မြို့ထဲလမ်းမကြီးတလျှောက် လမ်းသလားထားကြပြီးဖြစ်၏…။ဈေးထိပ်ကွက်လပ်ကြီးတွင်က….အငြိမ့်…။တံတားထိပ်ကားဂိတ်မှာက …. စတိတ်ရှိုး …။ စသည် …. စသည်ဖြင့် …. ကျွန်တော်တို့ သတင်းရထားကြပြီ။  မီးရောင်စုံ ရွှန်းလက်သောည။ ကြည့်စရာပွဲများကလည်း စုံသည်။ အငြိမ့် ….။ ဇာတ်…။ စတိတ်ရှိုး….။ စင်တင်တေးသရုပ်ဖော် …..။ စုံ၏။ ညဦးပိုင်းရောက်တော့ အဖေနဲ့အမေက ကျွန်တော်လက်ကို ဆွဲပြီး မီးရောင်စုံတွေ ထွန်းလင်းနေတဲ့ ပွဲဈေးတန်းသို့ လိုက်ပို့ပါသည်။ ထိုကာလ၏ အပျော် …….
ယခု လူလတ်ပိုင်းအရွယ် ရေခြား မြေခြားမှာ ဒီအချိန် ဒီကာလ ……… စိတ်ထဲ အလိုလို ကြည်နူးရပြန်သည်။ ၀ါလကင်းလွတ် သီတင်းကျွတ် အချိန်အခါ ရောက်ရှိလို့ လာပြန်သည်။
                ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံသီးသီး၌ ထူးခြား၊ထင်ရှားသည့်ပွဲတော်များရှိကြလေသည်။ ဤပွဲတော်များသည် တိုင်းနိုင်ငံပေါ်၌ မှီတင်းနေထိုင်ကြကုန်သော လူမျိုးများ၏ ယုံကြည်မှု၊ စိတ်ခံစားချက်များကို လွမ်းမိုးသော ဓလေ့များနှင့်အတူ ဖော်ပြ ကျင်းပကြလေသည်။ ထိုဓလေ့များသည် ထိုလူမျိုးများ၏ အကျင့်စာရိတ္တ၊ ယဉ်ကျေးမှုအဆင့်အတန်း၊ တန်ဖိုးထားမှုတို့ဖြင့် ထင်ဟပ်နေလေရာ ထိုပွဲတော်များသည် ထိုလူမျိုးတို့အတွက် အသက်တမျှ တန်ဖိုးကြီးလေသည်။ ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများထဲမှ အရှေ့ တောင်အာရှတွင်ရှိသော မြန်မာနိုင်ငံသည် THE COUNTRY OF FESTIVALS ဟု ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားလေသည်။
               သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာ ထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။ မိုးရာသီ ကုန်ဆုံးလုနီး မိုးအားနည်းလာသည်။
ရှေးလူကြီးတို့က သီတင်းကျွတ်တွင် “ ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး ” ဟု ဆိုကြသည်။ အဓိပါယ်
က တစ်ဝါတွင်းလုံး ဘုရားဆွမ်းတော် တင်လာသည့် ပလ္လင်ကို သီတင်းကျွတ်မိုးက နှုတ်ဆတ်
ရွာသွန်းကာ ဆေးကြောပေးသည်ဟု ဆိုလိုသည်။

           မြန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီစစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကိုပုဂံခေတ် အနော်ရထာမင်းတရားနှင့်ရှင်အရဟံ မထေရ်မြတ်တို့၏ ကျေးဇူးတော်ကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ  ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို  ရင်ဆိုင်ကျော်လွှားနိုင်သော၊ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက် အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြပါသည် ။
         သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသောသန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့        ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။
တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။
            သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပ၀ါရဏာ ပြုကြပါသည်။ထို့ကြောင့် သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။
ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။
ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင် မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့လေ့ရှိကြ၏ ။ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော၊အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊ သို့ဖြစ်ရာ မြန်မာပြည်သူ/သားများ အားလုံး
ကောင်းသောအကြံ ၊
မှန်သောအကျင့် ၊
သင့်သောအယူ ၊
ဖြူသောနှလုံး ၊
သူတော်ထုံး   တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။
ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို ရှေးစာဆိုတစ်ဦး၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။

ဆီမီးရယ်ထိန် ၊
အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊
ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊
လင်းလာတဲ့
ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊
မျိုးမြန်မာတိုင်း။ ။

                                          မောင်ရဲမင်း
                                                    ကိုးကား - အရှင်သံဝရာလင်္ကာရ
                                              ဆယ့်နှစ်လရာသီပွဲတော်များ  
                                         စာပွင့်လွှာမဂ္ဂဇင်း                                                                                                                       

No comments:

Post a Comment

ဝေဖန်မှု့ကို ကြိုဆိုပါတယ်