အနာဂတ်များ
တစ်ချို့ ... တစ်ချို့
အမိမဲ့ အဖမဲ့
လှော်ရင်းနစ်နေတဲ့ လှေငယ်လေးတွေ
လောကဓံတိမ်းစောင်းတော့
ဘ၀ရဲ့ လှေကားထစ်ကပြုတ်ကျ
ခိုနားရာအသိုက်မဲ့တဲ့ ငှက်ကလေးတွေ
ဖေဖေ၊မေမေ
တကျွီကျွီ အော်မြည်နေကြ
မျှော်လင့်ခြင်းဆိုတာ
ဘယ်မှာလဲ ?
ရောင်နီဦးဆိုတာ
ဘယ်မှာလဲ ?
လဲကျ ... ပြန်ထ
လူတကာရဲ့ ပင့်သက်တွေ
အရှိုက်ကို တည့်တည့်တိုး
ရင်ဘတ်ထဲ အောင့်သက်သက်
အစ်ကိုကြီးတို့ အစ်မကြီးတို့ဆိုတဲ့
ကရုဏာ ငံ့လင့်သံတွေ
ရော့ ... ညီလေးစား
ဒီနေ့ အစ်ကို့အတွက်
ကံ တရားမပေးဘူး
အက်ကွဲထတဲ့ ဘ၀တွေ
ရင်ဘတ်ထဲ လိမ့်ဆင်းလို့
သောကတွေ တောင်ကုန်းဖြစ်နေပြီ ။ ။
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း ( အောက်တိုဘာ ၂၀၁၂ )
No comments:
Post a Comment
ဝေဖန်မှု့ကို ကြိုဆိုပါတယ်